Copy လုပ်တာလား… Adapt လုပ်တာလား...
မြန်မာနိုင်ငံမှာ Copy နဲ့ပတ်သက်ရင် ပြောစရာတွေ အတော်များတယ်။ IP ကို သေချာမသိတဲ့သူရှိသလို၊ သိရက်နဲ့ အလေးမထားတဲ့သူတွေလည်း ရှိတယ်။
တစ်ချိန်က ရန်ကုန်မှာ UK ကပေးတဲ့ NCC Diploma (IDCS နဲ့ IAD) ဆိုတာ အရမ်းခေတ်စားခဲ့တယ်။ နောက်ပိုင်းမှာ အဲ့ဒီ Diploma Course တွေကို မန္တလေးက MCC နဲ့ KMD သင်တန်းတွေမှာ တိုးချဲ့ပြီးသင်လာကြတယ်။ ကျွန်တော်လို အထက်အတန်းကို “ငမျောက် ငခြောက်” နဲ့အောင်ပြီး နည်းပညာကို ရူးသွပ်နေသူတွေအတွက်တော့ တက်ချင်စရာ Course တစ်ခုဖြစ်နေတော့ တက်ဖြစ်ခဲ့တယ်။ အဲ့ဒီ Course ထဲမှာပါတဲ့ “Business System Development” ဆိုတဲ့ Subject ကို ဆရာဦးရဲမြင့် ရန်ကုန်ကနေ လာသင်တယ်။ အခု Post ကတော့ အဲ့ဒီတုန်းက ဆရာပြောခဲ့တဲ့ “Copy နှင့် Adapt အကြောင်း” နှင့် ကျွန်တော်သိထားတာအချို့တို့ကို ပေါင်းစပ်ပြီးရေးသားထားတာ ဖြစ်ပါတယ်။ ဆရာဦးရဲမြင့်ဆိုတာ အဲ့ခေတ်အခါတုန်းက Entrepreneur အကြောင်းနှင့် Business အကြောင်းတွေ သင်ကြားပြသသူနှင့် စာရေးသားသူဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Entrepreneur ဆိုတဲ့စကားလုံးကို ဆရာ့ Lecture တွေကနေ စတင်ရင်းနှီးခဲ့ရတာဖြစ်ပါတယ်။
Copy တွေနှင့် ကြီးပြင်းခဲ့သူတွေ
တစ်ချိန်က နည်းပညာကိုလေ့လာဖို့ဆိုရင် Resource တွေအရမ်းရှားပါးတယ်။ အဲ့တော့ နည်းပညာဆိုင်ရာစာအုပ်တွေလိုချင်ရင် မိတ္တူဆိုင်တွေမှာ Copy ဆွဲပြီးတော့ ယူကြရတယ်။ အချို့ဆိုင်တွေမှာ နာမည်ကြီး စာအုပ်တွေကိုဆိုင်မှာထားပြီး Copy ကူးပေးတာမျိုးထိရှိတယ်။ မိတ္တူဆိုင်တွေရဲ့ ရွှေခေတ်လို့တောင် ပြောရမလားပဲ။ လိုချင်တဲ့ Resource မရှိရင် National လို CD တွေဆိုင်တွေဆီသွား၊ တခါသွားရင် ဝယ်ချင်တဲ့ Software ၊ eBooks Collection CD အတော်များတယ်။ ဒါပေမယ့် အကုန်မဝယ်နိုင်ဘူး။ ဝယ်ထားတဲ့ CD တွေကြတော့လည်း Computer မရှိတော့ အကုန်မကြည့်ဖြစ်ဘူး။ သင်တန်းက Computer တွေမှာပဲ ကြည့်ဖြစ်တယ်။ CD ဆိုင်မှာရောင်းတာတွေ အကုန်လုံးက Copy တွေချည်းပဲ။ နည်းပညာလေ့လာသူတွေအတွက်တော့ အဲ့ဒီ CD တွေက ရွှေဖြစ်ခဲ့တယ်။ Infrastructure မပြည့်စုံတဲ့နိုင်ငံဆိုတော့ Copy Ecosystem ကနေ ပညာတွေရလာခဲ့တာတော့ အမှန်ပဲ။ Cracked Software သုံးခဲ့တယ်။ Copy eBooks ဖတ်ခဲ့ဖူးတယ်။ Tutorial CD နဲ့လေ့လာခဲ့တယ်။ Windows နဲ့ Office ကို Pirated Version တွေသုံးခဲ့ဖူးတယ်။ အဲ့ခေတ်တုန်းက Original CD နဲ့ စာအုပ်တွေရောင်းတဲ့ ဆိုင်လည်းရှိတယ်။ အမှတ်မမှားရင် “အင်းဝ” ဆိုတဲ့ ဆိုင်တစ်ဆိုင်ပဲရှိမယ်။ Diploma ပြီးလို့ အလုပ်သင်ဆရာဖြစ်တော့ အဲ့တုန်းကရတဲ့ လစာဆိုတာ မူရင်းစာအုပ်တစ်အုပ်ဝယ်ဖို့ အတော်ဈေးကြီးတာကြောင့် မဝယ်ဘူး။ အဲ့ဒီတော့ Copy တွေနဲ့ပဲ သံသရာလည်ရတော့တာပေါ့။ အဲ့လိုကနေ IT သမားတွေမှာ “Copy Mindset” ပါလာတယ်။ တကယ်တော့ အဲ့ဒီ Physical Copy တွေက Knowledge Distribution Network ဖြစ်နေတယ်။ ဒါကြောင့်လည်း Developer ၊ Designer ၊ Engineer ဆိုတာတွေဖြစ်လာကြတယ်။
အလွယ်ကြိုက်သူနှင့် ဖန်တီးချင်သူ
“Copy Mindset” ရှိတာ ကောင်းတယ်။ ဒါပေမယ့် အချို့တွေကြတော့ အဲ့ဒီ Mindset ကနေရှေ့ကိုမတိုးတော့ဘဲ အလွယ်လိုက်ကြတော့တယ်။ IT လောကမှာ Code ကို၊ Project တစ်ခုလုံးကို Copy ကူးပြီး ပြန်ရောင်းတာ၊ Content ကို Credit မပေးတာ၊ မူပိုင်ရှင်ပုံစံ ဟန်ဆောင်တာ၊ ဘာ Value မှမထည့်ပဲ Copy ကူးပြီး အကျိုးအမြတ်ယူတာ၊ Engagement ယူတာတွေက အလွယ်လိုက်တဲ့သူတွေရဲ့ လုပ်ပုံလုပ်နည်းတွေပဲ ဖြစ်တယ်။ အဲ့ဒါကို အဖွဲ့အစည်းက အားပေးနေရင် အဲ့ဒီအဖွဲ့အစည်း မြောင်းထဲရောက်တာပဲ။ Copy + Paste ဆိုတာ Word Processing ထဲမှာလုပ်တာပဲ ကောင်းတယ်။ ကိုယ်ပိုင်ဖန်တီးသူမှာလည်း “Copy Mindset” ရှိတယ်၊ ဒါပေမယ့် Copy ကို လေ့လာတယ်၊ နောက်တော့မှ ကိုယ့်ပုံစံဖြစ်အောင် Adapt လုပ်ယူတယ်။ ထွက်လာတဲ့ Output မှာ “Creation နှင့် Value” တွေပါလာတယ်။ Adapt ဆိုတာ Concept ကိုယူပြီးတော့ ကိုယ့်ရဲ Environment နဲ့ကိုက်အောင် ပြန်ပြင်တာ ကိုခေါ်ပါတယ်။ အဲ့လိုမျိုးကြတော့ Copy ကူးတယ်လို့ ပြောလို့မရဘူး။ အမြင်ကျယ်တဲ့သူတွေကြတော့ Adapt လုပ်ပြီးထွက်လာတဲ့ Output ကိုတဖြည်းဖြည်းနဲ့ Scale ပြန်လုပ်ယူကြတယ်။ ဒါမျိုးတွေကို အခုနောက်ပိုင်း IT Industry ထဲမှာ တွေ့နိုင်ပါတယ်။ Resource တွေဒီလောက်ပေါတဲ့ အခုခေတ်မှာ Copy ကူးပြီး ကိုယ်ပိုင်အထာနဲ့ Publish လုပ်တယ်ဆိုတာ အတော်ကိုညံ့လို့ပဲ။ သူများဖန်တီးထားတာကို တိုက်ရိုက် Copy လုပ်တယ်ဆိုတာ အရင့်သီးဆုံးပြောရင်တော့ “ခိုး” တာပါ။ သူက ခိုးထားလို့ “သူခိုး” လို့ခေါ်ပါတယ်။
Copy ကောင်းတယ်၊ မကောင်းဘူး။
မူရင်း CD တွေ၊ စာအုပ်တွေကို လက်လှမ်းမမှီလို့၊ ရနိုင်ဖို့ ခက်ခဲလို့ တခြားနိုင်ငံက Copy တွေ Infrastructure တွေမရှိတဲ့နိုင်ငံကို ရောက်လာတာ “Knowledge Distribution Mechanism” အနေနှင့် အကျိုးရှိတာကြောင့် ကောင်းတယ်။ လူအများအတွက် အကျိုးကျေးဇူးတွေများရင် Moral Value ရှိတယ်။ အဲ့ဒီ Copy တွေရှိခဲ့တာကြောင့်ပဲ IT Professional တွေဆိုပြီး ပေါ်ထွက်လာကြတယ်။ Ethic အနေနဲ့ကြည့်ရင်တော့ Binary Way ဆိုတော့ “မရှိဘူး” လို့ပြောနိုင်တယ်။ အဲ့ဒီအချိန်ကာလနှင့် နိုင်ငံအနေအထားအရ Ethic မရှိဘူးဆိုတာ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်။ ဒါပေမယ့် နိုင်ငံမှာ အထိုက်အလျှောက် Infrastructure တွေရှိလာပြီဆိုရင်တော့ Ethic ကို လေးစားရတော့မယ်။ မူရင်း ဖန်တီးသူကို Support လုပ်ရမယ်။ Intellectual Property (IP) ဆိုတာ နားလည်ရမယ်။ အခုအချိန်မှာ နည်းပညာနယ်ပယ်ဟာ ယခင်ကနဲ့မတူတော့ပဲ ပြောင်းလဲနေပါပြီ။ ဒါပေမယ့် ခက်တာက နည်းပညာအသုံးချတဲ့သူတွေကြတော့ နားလည်ကြတဲ့ပုံမပေါ်ဘူး။ နားလည်ဖို့လည်း မကြိုးစားကြတာလည်း ဖြစ်နိုင်တယ်။ အကုန်လုံးတော့ ဆိုလိုတာမဟုတ်ဘူး။
Pure Originality ရှားပါးတဲ့ နည်းပညာလောက
Apple Company က 1st Generation iPhone ထွက်လာတော့ Smartphone လောကအတွက် အတော်လေး အုံးအုံးကျတ်ကျတ် ဖြစ်ခဲ့တယ်။ iPhone ကိုအတုယူပြီးတော့ China က Smartphone တွေထွက်လာတယ်။ iPhone နဲ့ Design တူတယ်။ UI တူတယ်။ Packaging တောင်တူတာမျိုးကို တွေ့ဖူးလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာ China ကထုတ်တဲ့ Smartphone တွေက အရင်ကလိုမဟုတ်တော့ဘူး။ နာမည်ကြီး Brand (ဥပမာ Xiaomi ၊ Huawei) တွေကိုကြည့်ရင် iPhone ကို Copy လုပ်ထားတာမျိုး မဟုတ်တော့ဘဲ Concept ကိုနားလည်ပြီး Strategy ကျကျ Adaptation လုပ်တာမျိုးဖြစ်လာတယ်။ iPhone မလုပ်သေးတာကိုတောင် သူတို့ Smartphone တွေမှာ လုပ်လာတဲ့အထိ ဖြစ်လာတယ်။ iPhone တောင် နောက်ကောက်ကျနေတယ်။ ဒီနေ့ Tech Industry မှာတွေ့ရတဲ့ နည်းပညာတွေနှင့် Idea တွေဆိုတာ အသစ်တွေမဟုတ်ဘူး။ နဂိုရှိပြီးသား Idea တွေကိုပဲ အနည်းငယ် မွန်းမံ ၊ လိုတာပေါင်းစပ်ပြီးတော့ Scale လုပ်ထားတာတွေ အများဆုံးဖြစ်တယ်။ ဒါတွေက တိုက်ရိုက် Copy + Paste မဟုတ်ဘူး။ တကယ်နားလည်ပြီး Improve လုပ်၊ Adapt လုပ်ပြီးတော့မှ Value ကို ပေးတာမျိုးဖြစ်တယ်။ Apple ၊ Google ၊ Microsoft စသည်ဖြင့် ကုမ္ပဏီတော်တော်များများရဲ့ Ecosystem တွေက အဲ့လိုပုံစံမျိုးတွေ ဖြစ်သွားပြီ။ Innovation ဆိုတာ ရှိပြီးသား Idea တွေထဲကနေ ပေါ်လာတာက အများဆုံးဖြစ်တယ်။ Smartphone ကို Apple က အရင်ထုတ်ခဲ့တာ မဟုတ်သလို၊ Search Engine ကို Google က အရင်ထုတ်ခဲ့တာလည်း မဟုတ်ဘူး။ ဆိုလိုတာက Pure Originality ဆိုတာ မရှိဘူး။ AI ဆိုတာလည်း အရင်ကရှိပြီးသား Knowledge တွေပေါ်မှာ အခြေခံထားတာဖြစ်တယ်။ AI ဖြစ်လာဖို့ Decision Support System (DSS) ၊ Fuzzy Logic ဆိုတာတွေက အခြေခံတွေဖြစ်တယ်။
အနှစ်ချုပ်ရရင်တော့ “Copy Mindset” ကို Adaptation နှင့် Innovation အတွက် အသုံးချနိုင်တယ်။ အဲ့လိုအသုံးချဖို့ Concept ကို နားလည်ဖို့လိုတယ်။ Copy + Paste ကိုပဲ အမြဲလုပ်နေရင် ကိုယ်တိုင်လည်း ဘာမျှတိုးတက်လာမှာမဟုတ်ဘူး။ AI ကထုတ်ပေးတဲ့ Content တွေကို Copy + Paste လုပ်တာ၊ AI Agent Workflow နဲ့ AI ကို Content တွေတင်ခိုင်းတာနှင့် Code တွေကို Copy + Paste လုပ်ပြီး အသုံးပြုရင်လည်း တိုးတက်လာမှာမဟုတ်ဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်ပိုင်ဖြစ်ဖို့ဆိုရင် ကိုယ်တကယ်နားလည်ပြီး ကိုယ့်ရဲ့ Value ထည့်နိုင်မှသာလျှင် တန်ဖိုးရှိမှာဖြစ်ပါတယ်။


